Thursday, March 24, 2011


တနေ့နေ့တော့ ငါတို့ဒီလိုတွေ့ကြမယ်နော်..



တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့ ရေစက်လေးတွေပေါင်းကြည့်တော့ရေတစ်စက်နဲ့ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့ နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။
အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာ မမှန်နှိင်မဖြစ်နှိင်တာ မျိုးရှိတတ်ပါတယ်။

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။ ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။ မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။

လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ
ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်… တွေးကြည့်ခဲ့ဖူးရဲ့လား? လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?

ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား “Now and Then” က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို
အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ
နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။

တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာလမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ
ကျန်ရစ်ခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။ တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။ ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊
အကြင်နာတွေ ပိုပါစေ။

ခွဲခွါခါနီးမှာ “see you”လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊
အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့….

ခင်မင်တတ်သော
ရွှေအိမ်စည်
From : http://wukyi.intodit.com/forums/6167/topics/2582#posts-11047

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP